အကြမ်းဖက်သမားတွေ လက်ထဲက ရုပ်သံဌာနကို အာဖဂန် တပ်ဖွဲ့ဝင်တွေ ပြန်သိမ်းယူ

Wed, 2017-11-08 11:12--zaythu
ကဘူးလ်မြို့တော်က အကြမ်းဖက်သမားတွေ စီးနင်းထားတဲ့ ရုပ်မြင်သံကြား ဌာနတစ်ခုကို အာဖဂန် နစ္စတန် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။
နိုဝင်ဘာ ၇ ရက် စစ်ဆင်ရေး အပြီးမှာတော့ ရှမ်ရှတ်ဒ် ရုပ်မြင်သံကြား ဌာနကို ပြန်လည် ထိန်းသိမ်းနိုင်ခဲ့ပြီလို့ အာဖဂန် ရဲတပ်ဖွဲ့က ကြေညာပါတယ်။ ဖြစ်စဉ်မှာ အနည်းဆုံး လူ ၂ ဦး သေပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
အကြမ်းဖက်သမားတွေက ရဲဝန်ထမ်းယောင်ဆောင် ဝင်ရောက်လာပြီး လုံခြုံရေး အစောင့်နဲ့ ဝန်ထမ်းတစ်ဦးကို ပစ်သတ်ပြီး အဆောက်အအုံကို အပိုင်စီးထားခဲ့တာ ဖြစ်ပါတယ်။ အိုင်အက်စ် စစ်သွေးကြွ အဖွဲ့က အဲဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့ လက်ချက်ဖြစ်ကြောင်း ကြေညာပါတယ်။
အဆောက်အအုံကို ပြန်လည် စီးနင်းရာမှာ ကွန်ကရစ် နံရံကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖောက်ခွဲပြီး အကြမ်းဖက်သမားတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ပါတယ်။ အဲဒီနောက် အကြမ်းဖက်သမား အနည်းဆုံး နှစ်ဦးကို သုတ်သင် ရှင်းလင်းခဲ့တယ်လို့လည်း သိရပါတယ်။
အိုင်အက်စ်ဟာ အရင်ကလည်း အာဖဂန်က မီဒီယာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရှိခဲ့ဖူးပါတယ်။ အခုဖြစ်ရပ်ကိုလည်း သူတို့ ကျူးလွန်တယ်လို့ ကြေညာထားပေမယ့် အာဖဂန် အာဏာပိုင်တွေကတော့ အဲဒီအဆို မှန်မမှန် ဆိုတာ တိကျတဲ့ အထောက်အထား မရှိသေးကြောင်း မှတ်ချက်ပေး ပြောဆိုထားပါတယ်။

	                  
	                  
	                  
	                
						
						
















