ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်ထဲမှာ တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တွေက နိုင်ငံခြားသားတွေဆီကနေ လာဘ်စားမှုရှိကြောင်း သတင်းတွေ ထွက်ပေါ်ပြီးနောက် စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး ပြစ်မှုထင်ရှားတဲ့ ရဲအရာရှိ အရာခံ ၁၀ ဦး ပြောင်းမိန့်ပေးခံရတယ်လို့ နိုဝင်ဘာ ၁၉ ရက် နေ့စွဲနဲ့ naewna အွန်လိုင်းထိုင်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဖူးခက်ခရိုင်ထဲမှာ ဥပဒေနဲ့မညီလို့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားသားပေါင်း ၂၄၁၅ ဦး ရှိတဲ့အနက် ၆၈၅ ဦးသာ သက်ဆိုင်ရာ လဝက ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ပြီး ကျန် ၁၇၃၀ ဦး ပျောက်ဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရတဲ့အတွက် ဖူးခက်ခရိုင် တာဝန်ရှိရဲတပ်ဖွဲ့ဝင်တွေကို ပြန်လည်စစ်ဆေးဖို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒု-ရဲချုပ်ကြီးက ပြီးခဲ့တဲ့အပတ်မှာ ညွှန်ကြားခဲ့တာပါ။



အဲဒီနောက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး ဖူးခက်ခရိုင်တွင်းရှိ ရဲစခန်းပေါင်း ၁၁ ခုက ရဲအရာရှိ၊ အရာခံပေါင်း ၆၈ ဦးကို စစ်ဆေးရာ ၁၀ ဦးမှာ ဥပဒေနဲ့မညီတဲ့ နိုင်ငံခြားသားတွေဆီက လာဘ်ငွေယူပြီး လွှတ်ပေးလိုက်ကြောင်း ထင်ရှားတဲ့သက်သေတွေ တွေ့ရတဲ့အတွက် အရာရှိ အရာခံ ၁၀ ဦးကို ကနဦး ပြောင်းမိန့်ပေးလိုက်တာပါ။

သက်သေအထောက်အထားတွေအရ အဲဒီရဲအရာရှိ ၁၀ ဦးဟာ နိုင်ငံခြားသားတွေဆီက တနှစ်အတွင်း ဘတ်ငွေ သန်းပေါင်း ၁၀၀ ထိ ရယူထားကြောင်း၊ လာဘ်စားမှု အဆိုးဆုံးမှာ ပါတောင်းမြို့နယ် ရဲစခန်းဖြစ်ပြီး ပါတောင်းမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး ထတ်ဆနိုင်း အိုဖာရစ်တေခ်ျကို ပြောင်းမိန့်ပေးထားတယ်လို့ ဒု-ရဲချုပ်ကြီး ဆူချတ် ထီရဝပ်က နိုဝင်ဘာ ၁၈ ရက်နေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

စစ်ဆေးတွေ့ရှိချက်ကြောင့် ဖူးခက်ခရိုင်ရှိ ရဲမှူးကြီး ၁ ဦး၊ ဒု-ရဲမှူးကြီး ၂ ဦး၊ ဒု-ရဲမှူး ၃ ဦး၊ အရာခံဗိုလ် ၄ ဦးတို့ ရွှေ့ပြောင်းခံရတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ လဝက ရဲတပ်ဖွဲ့ဝင်၊ လူကုန်တားရဲတပ်ဖွဲ့ဝင်နဲ့ ထောက်လှမ်းရေးရဲတွေပါ ပါဝင်ပါတယ်။

သူတို့ရဲ့ ပြစ်မှုတွေထဲမှာ ရာဇဝတ်မှုတွေပါ ပါဝင်ပတ်သက်နိုင်ပြီး ထပ်မံစုံစမ်း အရေးယူသွားမှာဖြစ်ကြောင်း၊ ဒါ့အပြင် နောက်ထပ် အကျင့်ပျက်ခြစားဝန်ထမ်းတွေကိုလည်း ဆက်လက်စစ်ဆေးနေတယ်လို့ ဒု-ရဲချုပ်ကြီးက ပြောသွားပါတယ်။

Credit : Myanmar Breaking News