ကားဈေးကွက် ဈေးနှုန်းတွေ စံချိန်တင်မြင့်တက်၊ အရောင်းအဝယ်အေးစက်

နယ်လိုင်စင် စတိနံပါတ်တွေအရောင်းအဝယ်  အေးသွားပြီး ရန်ကုန်လိုင်စင်ကားတွေရဲ့ ဈေးနှုန်းက မြင့်တက်သွားတာဖြစ်တယ်။

အခုရက်ပိုင်းမှာ ကားဈေးနှုန်းတွေကို စံချိန်တင်ဈေးခေါ်နေကြတာကြောင့် အရောင်းအဝယ်အေးစက်နေပါတယ်။သီရိမင်္ဂလာ ကားရောင်းဝယ်ရေးစခန်းက ဝါရင့်ဝယ်ရောင်း ကိုအောင်ကျော်ထွန်းက ကားဈေးနှုန်းတွေက လာမယ့်နှစ်မှာ ဘယ်မောင်းတွေပဲတင်သွင်းခွင့်ရှိတော့မယ်လို့ သတင်းတွေထွက်ရှိလာ က တည်းက ဈေးတွေတာက်လျှောက်မြင့် တက်လာသလို ကားအရောင်းအဝယ်ပိုကောင်းလာခဲ့တယ်၊ ဒီရက်ပိုင်းမှာ ကားဈေးနှုန်းတွေက စံချိန်တင်မြင့်တက်သွားတော့ အရောင်းအဝယ် အေးသွားတယ်လို့ဆိုတယ်။

နောက်တစ်ချက်ကတော့ နယ်လိုင်စင်ကားတွေကို ဘီးခွန်ကောက်တော့မယ်ဆိုတာကြောင့် နယ်လိုင်စင်ကားတွေအဝယ်အေးသွားသလို ရန်ကုန်လိုင်စင်ကားတွေရဲ့ ဈေးနှုန်းကလည်းမြင့် တက်သွားပါတယ်။ အရင်ကဟွန်ဒါဖစ်တို့ ရက်တစ်တို့ J,K,L နံပါတ်ဆိုရင် ကျပ်သိန်း ၁၈၀၊  ၁၇၅ သိန်းဝန်းကျင်နဲ့ ရန်ကုန်လိုင်စင်ရနိုင်ပါတယ်။ လက်ရှိမှာတော့ ကျပ်သိန်း ၂၀ဝ၊ ၂၂၀ အထိ ဈေးခေါ်ရောင်းကြတော့ဝယ်သူမရှိပဲ ဖြစ်သွားတယ်။

နယ်လိုင်စင်စတိနံပါတ်တွေ
နယ်လိုင်စင် စတိနံပါတ်တွေကတော့ အရောင်းအဝယ်အေးသွားပြီး ရန်ကုန်လိုင်စင်ကားတွေရဲ့ ဈေးနှုန်းကမြင့်တက်သွားတာဖြစ်တယ်။ ဖရီးပါမစ် နယ်လိုင်စင်စတိနံပါတ်ကားတွေရဲ့ဈေးနှုန်းဟာကျပ်သိန်း ၁၉၀ နဲ့ ၁၈၅ ဝန်းကျင်ရှိတယ်။ လက်ရှိမှာ ပွိုင့်သရီးထဲကအရောင်းအဝယ် ဖြစ်နေတာက ၂၀ဝ၈/၂၀ဝ၉/၂၀၁၀ မော်ဒယ် G,H,I နံပါတ်တွေဖြစ်ပြီး ကျပ်သိန်း ၁၄၀ နဲ့ ၁၆၀ ဝန်းကျင်နဲ့အရောင်းအဝယ် ဖြစ်ပါတယ်။  ကျပ်သိန်း ၂၀ဝ ကျော်သွားရင်တော့အရောင်းအဝယ်အေးသွားတယ်။

စလစ်ကပ်လည်းအေး
၂၀၁၇ ကားတင်သွင်းခွင့်နဲ့တင်သွင်းတဲ့ ကားတွေပါမစ်နောက်ဆုံးထား လျှောက်ရမယ့်ရက်ထုတ်ပြန်ခဲ့တာကြောင့် ကားတင်သွင်းသူတွေဟာအရောင်းအဝယ်ထက် ပါမစ်လျှောက်ကြတာများတဲ့ အတွက်လည်း ဈေးကွက်အေးနေပါတယ်။ တစ်ဦးချင်းတင်သွင်းတဲ့စလစ်ကပ်ကားတွေကို ပုံမှန်ပါမစ်သက်တမ်း သုံးလအပြင်နောက်ထပ်သုံးလခွင့်ပြုပေးတဲ့အတွက် စလစ်ကပ်ဖို့အချိန်ရသွား တဲ့အတွက် စလစ်ဝယ်လိုအားကျဆင်းပါတယ်။ အဲဒါကြောင့် ကားမူဝါဒအသစ်ထွက်ပေါ်ပြီး ကျပ်သိန်း ၁၄၀ အထက်အထိမြင့်တက်ခဲ့တဲ့ စလစ်ဈေးနှုန်းဟာ ကျပ်သိန်း ၁၃၀ ဝန်းကျင်အထိကျဆင်းပါတယ်။ စလစ်ဈေးဆင်းရင် ကားဈေးနှုန်းတွေလည်းကျဆင်းလာနိုင်ပါတယ်။

လက်ရှိမှာတော့ စလစ်ကပ်ကားတွေလည်းအရောင်းအဝယ်အေးနေပါတယ်။ စလစ်ကပ်ကားဟောင်းတွေထဲက ကျပ်သိန်း ၂၀ဝ ကျော်၊ ၃၀ဝ ဝန်းကျင်တွေပဲအရောင်းအဝယ်ဖြစ်ပါတယ်။ အယ်လ်ဖတ်ဆိုရင် ကျပ်သိန်း ၃၀ဝ ကျော်လောက်ပဲအရောင်းအဝယ်ဖြစ်ပြီး ကျပ်သိန်း ၅၀ဝ အထက်ကိုအရောင်းအဝယ်မရှိသလောက်ဖြစ်သွားတယ်။ ဝှစ်ရှ် ဆိုရင် ၂၀ဝ၃ မော်ဒယ်လ် ကျပ် သိန်း ၂၃၀/ ၂၅၀ ဝန်းကျင်ပဲအဝယ်ရှိပြီး ကျပ်သိန်း ၂၆၀ ကနေ ၃၈၀ ဝန်းကျင်ရှိတဲ့ ၂၀ဝ၆ မော် ဒယ်လ်နဲ့ ကျပ်သိန်း ၄၆၀  ဝန်းကျင်ရှိတဲ့ ၂၀၁၁ မော်ဒယ်လ်တွေအဝယ်ပါးသွားပါတယ်။

အရင်က ဟာရီယာကို ကျပ်သိန်း ၆၀ဝ ဝန်းကျင် အထိ အဝယ်များခဲ့ပေမဲ့ လက်ရှိမှာအဝယ်အေးနေတယ်။  စလစ်ကပ်ကားမျိုးစုံအရောင်းအဝယ်အေးနေပြီး  ဖရီးပါမစ်ပွိုင့်သရီးလေးတွေသာအရောင်းအဝယ်ရှိပါတယ်။ စလစ်ကပ်ထဲမှာ ရွှေငါးအောက် နံပါတ်လေးတွေနဲ့ ကရောင်းဂျယ်လီအောက်နံပါတ်လေးတွေအရောင်းအဝယ်ဖြစ်ပါတယ်။ လက်ရှိမှာ သက်တမ်းနှစ် ၂၀  အမည်ပေါက် စလစ်ဈေးနှုန်းဟာ ကျပ် ၁၃၅ သိန်းဝန်းကျင်ရှိပါတယ်။

Author – အောင်ထွန်းဦး

Credit:Kumudra