MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကချင်တိုင်းရင်းသား အောင်လအန်ဆန်နှင့် ဟဲဗီးဝိတ်တန်းကစားသမား အန်ဂယ်လာနီတို့သည် နိုဝင်ဘာ ၃ ရက်တွင် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး ယင်းပွဲမတိုင်မီ ၎င်းတို့နှစ်ဦး၏ ဟန်ရေးပြမိတ်ဆက်ပွဲ (Open Workout) ကို အောက်တိုဘာ ၃၁ ရက် (ယနေ့) မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာပလာဇာမြေညီထပ်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Hero’s Dream ဟု အမည်ရသည့် ယင်းပြိုင်ပွဲကို နိုဝင်ဘာ ၃ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ – ၁ (သုဝဏ္ဏ) ၌ ကျင်းပမည်ဖြစ်ပြီး အောင်လအန်ဆန် နှင့် အန်ဂယ်လာနီတို့၏ အဓိက တွဲဆိုင်းအပါအ၀င် တွဲဆိုင်း ၁၀ ဆိုင်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ အောင်လအန်ဆန်သည် အန်ဂယ်လာနီနှင့် ယှဉ်ပြိုင်ထိုးသတ်ရန်အတွက် ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်ကတည်းက ရန်ကုန်မြို့သို့ ကြိုတင်ရောက်ရှိနေပြီး ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ အန်ဂယ်လာနီမှာမူ အောက်တိုဘာ ၃၀ ရက် ညနေပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ပြီး နိုဝင်ဘာ ၃ ရက်ပွဲအတွက် ပြင်ဆင်လေ့ကျင့်မှုများ ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။ ဟောင်ကောင်နိုင်ငံသား ခံယူထားသူ ကင်မရွန်းနွယ်ဖွား MMA ဟဲဗီးဝိတ်တန်း လက်ဝှေ့ကစားသမား အန်ဂယ်လာနီသည် ကစ်ဘောင်ဆင်၊ ကရာတေးဒို၊ ဂျူဒို၊ မွေထိုင်း၊ ဆာဗာတီ၊ ဘရာဇီးလ် ရိုးရာနပန်း အစရှိသည့် ကိုယ်ခံပညာရပ်များ တတ်မြောက်ထားသူဖြစ်သည်။ အန်ဂယ်လာနီသည် MMA ပြိုင်ပွဲ ဟဲဗီးဝိတ်တန်း၌ ခြောက်ပွဲထိုးသတ်ရာ သုံးပွဲနိုင်၊ သုံးပွဲရှုံးနိမ့်ထားသည်။ အောင်လအန်ဆန်သည် ယင်းပွဲအား မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ခြင်းမဟုတ်ဘဲ အထူးစိန်ခေါ်ပွဲအနေဖြင့်သာ ထိုးသတ် ခြင်းဖြစ်ကြောင်း သိရသည်။ အောင်လအန်ဆန်သည် MMA ပြိုင်ပွဲတွင် စုစုပေါင်း ပွဲ ၃၀ ထိုးသတ်ရာ ပွဲ ၂၀ နိုင်၊ ၁၀ ပွဲရှုံးနိမ့်ထားသည်။ အောင်လအန်ဆန်သည် ပြီးခဲ့သည့် ဇွန် ၃၀ ရက်က ရန်ကုန်မြို့၌ ကျင်းပသည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်အား အမှတ်ဖြင့် အနိုင်ရထားခြင်းဖြစ်သည်။